ကျောက်တန်း ဇွန် ၁၂
ကျောက်တန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများကို လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရှင်သန်လာစေရန်၊ ယဉ်ကျေးလိမ္မာပြီး အသိတရားများတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၁၀ ရက်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အ.မ.က မဟာသုခကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်းထမ်းဆောင်ရမည်ဖြစ်သည့်အတွက် ဗလငါးတန်နှင်ပြည့်စုံစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချသည့်အနေဖြင့် စာအုပ်စာစောင်များဖတ်ရှုကြရန်၊ ဘဝတွင် အောင်မြင်သူများသည် စာပေဖတ်ရှုသူများဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့်အမှားအမှန်အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ကြောင်းနှင့် စာပေဖတ်ရှုခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများအား ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားစေရေးအတွက် အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုနေကြပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)