ဒလ ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံ၍ အသိပညာ၊ အတတ်ပညာများမြင့်မားပြီး အတွေးအခေါ်အယူအဆများ မှန်ကန်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇွန် ၁၀ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာ၀င်းက လူငယ်နှင့်စာရိတ္တအကြောင်းပြောကြားရာ နိုင်ငံနှင့်လူမျိုးတို့ တိုးတက်ကြီးပွားဖွံ့ဖြိုးရေးတွင် စာရိတ္တသည် အလွန်အရေးပါကြောင်း၊ စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်မှသာလျှင် နိုင်ငံနှင့်လူမျိုး ဘက်စုံတိုးတက်လာမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် တစ်ချိန်မှာ တိုင်းပြည်ရဲ့တာ၀န်ကို ပခုံးပြောင်းတာ၀န်ယူရမယ့်သူတွေဖြစ်သည့်အတွက် စာရိတ္တများ ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ စာရိတ္တဟူသည် အမူအကျင့်၊ အလေ့အထ၊ ကိုယ်ကျင့်တရားနှင့် ဆက်နွယ်နေသည့် အရာဖြစ်ကြောင်း၊ စာရိတ္တပညာသည် လူသားတို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်ထား စသည့် ကိုယ်ကျင့်တရားကောင်းများ ရှင်သန်ကြီးထွားရေး၊ မကောင်းသောအကျင့်အကြံ၊ အတွေးများကို တားမြစ်ပြီး ကောင်းတာကို လမ်းညွှန်ပေးနိုင်ကြောင်း၊ လူငယ်များအနေဖြင့် လိမ္မာရေးခြားရှိစေရေး အသိ ပညာ၊ အတတ်ပညာသာမက ပြင်ပစာပေဗဟုသုတများကိုပါ လေ့လာရမည်ဖြစ်ကြောင်း၊ ပညာဖြင့်သာ အမှားနှင့်အမှန် ခွဲခြားသိမြင်နိုင်မည်ဖြစ်၍ မိမိဘ၀ရည်မှန်းချက်ပန်းတိုင် လျှောက်လှမ်းရာတွင် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၄၀) ဦး တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာဗဟုသုတရဖွယ် စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)