ကျောက်တန်းမြို့တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန် စာ‌အောင် သံဃာစူဠဘွဲ့နှင်းသဘင် ပူ‌ဇော်ပွဲ အခမ်းအနားကျင်းပ

ကျောက်တန်း ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန် စာအောင် သံဃာစူဠဘွဲ့နှင်းသဘင် ပူ‌ဇော်ပွဲအခမ်းအနားကို ကျောက်တန်းမြို့နယ် ရွှေမှော်၀န်း သာသနာ့ဗိမာန်တော်ကြီး၌ ဇွန်လ ၁၀ ရက်နေ့နံနက်က ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက နမောတသသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ (မဟာသဒ္ဓမ္မဇောတိကဓဇ)၊ ဆရာတော်ဘဒ္ဒန္တ‌ဝါသေဌထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်က သာသနာရေး ဆိုင်ရာကိစ္စများအား လျှောက်ထားခဲ့ပြီး ကြွရောက်လာသော ဩဝါဒဆရာတော်များအား နဝကမ္မဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာအောင်သံဃာတော်များအား အောင်လက်မှတ်များနှင့် နဝကမ္မဝတ္တုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဥပဌာကဥက္ကဋ္ဌဦးဘဘညနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌသုံးကြိမ် ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်ပထမလတ်တန်း(၁၀)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး၊  ပထမငယ်တန်းအောင်(၁၃)ပါး၊ အခြေပြုမူလတန်း‌အောင်သံဃာ(၅၄)ပါး၊  သံဃာ/သီလရှင်(၇၇)ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦး စုစုပေါင်း(၇၈)ဦး အောင်မြင်ခဲ့ကြပြီး သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နေလင်းကျော်(ပြန်/ဆက်)