ကိုကိုးကျွန်း ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate)ခတ်ခြင်းကို ဇွန်လ (၁၀) ရက်နေ့နံနက် (၉) နာရီအချိန်က ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာကော်မတီဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်း၍ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုးရာသီကာလအတွင်း ခြင်၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန်၊ ရေကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း ဆောင်ရွက်ပြီး ရေကန်များအတွင်း အဘိတ်ဆေး (Abate) ခတ်ခြင်းနှင့် အသိပညာပေးခြင်းများကို ကျန်းမာရေးဌာနနှင့် ပူးပေါင်းအဖွဲ့များက အပတ်စဥ် ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကိုးကျွန်း (ပြန်/ဆက်)