လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် ၃၀ ပြည့် အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

ချမ်းအေးသာစံ ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်းရှိ မန်းတောင်ရိပ် ၉ ထပ်ဆောင်၊ ဘက်စုံသုံးခန်းမတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် ၃၀ ပြည့် အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲသည်။

စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ ​လူမှုရေးရာဝန်ကြီး  ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊  ဥပဒေချုပ် ဦးမြင့်​အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်၊  ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးတို့နှင့် တာဝန်ရှိသူများ၊ ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးအတွင်းရှိ အရာထမ်း၊ အမှုထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ခန်းမအတွင်း သွေးလှူဘဏ်တာဝန်ခံ ရောဂါဗေဒဆရာဝန်ကြီး ပါမောက္ခဒေါက်တာ နီလာဝင်း၊ အထူးကုဆရာဝန် ဒေါက်တာစုလှိုင်ဦးတို့နှင့် ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူရှင် ၃၈ ဦးအား လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်၍ သွေးဖောက်လက်ခံရယူနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူရှင်များကို အားဆေးနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။ ထို့နောက် သွေးလှူရှင်များကိုယ်စား တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်မှ သွေးအိတ်များ ပေးအပ်ခဲ့ရာ ဒေါက်တာဆန်းလွင်ဦးနှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်