ကော့မှူး ဇွန် ၁၂
ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရှင်သန်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၉ ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ဘုရားလမ်းရပ်ကွက်၊ မူလွန် (ပတုပ်) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်း ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် ဗလငါးတန်နှင်ပြည့်စုံစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချသည့်အနေဖြင့် စာအုပ်စာစောင်များ ဖတ်ရှုကြရန်၊ ဘဝတွင် အောင်မြင်သူများသည် စာပေဖတ်ရှုသူများဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် အမှားအမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ကြောင်းနှင့် စာပေဖတ်ရှုခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအား ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)