ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ငါန်းဇွန် ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ) ၏ “လူငယ်နှင့်အောင်မြင်မှု”စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ အဖွဲ့ဝင် မသဲအိဖြူက “အောင်မြင်သူများတွေးကြပုံ” ခေါင်းစဉ်ဖြင့် ကမ္ဘာကျော်ခေါင်းဆောင်မှုဆိုင်ရာ စာအုပ်များ ရေးသားသူ၊ ဟောပြောသူ၊ ခရစ်ယန်ဘုန်းတော်ကြီးတစ်ဦး၏ How Successful People Think အောင်မြင်သောသူများ ဘယ်ပုံဘယ်နည်းတွေးခေါ် စဉ်းစားကြသနည်း(ဝါ)စဉ်းစားကြပုံ ဆိုသည့် စာအုပ်မှာ ပါရှိသည့် ကောင်းမွန်တဲ့ သွင်းအားစုကို ရယူပါ၊ ကောင်းမွန်တဲ့ တွေးခေါ်ရှင်များနဲ့ ထိတွေ့ပါ၊ ကောင်းမွန်တဲ့ အတွေးအခေါ်များကို စဉ်းစားနိုင်ရန် ရွေးချယ်ပါ၊ ကောင်းမွန်တဲ့ အတွေးအခေါ် ရလာရင် လက်တွေ့အကောင်အထည်ဖော်ပါ၊ ပြင်းပြတဲ့ စိတ်ခံစားမှုနဲ့ နောက်ထပ်ကောင်းမွန်တဲ့ အတွေးအခေါ်တစ်ခုကို ဖန်တီးပါ၊ လုပ်ငန်းစဉ်ကို ထပ်ဖန်တလဲလဲ ပြုလုပ်သွားပါ စသည့်အကြောင်းအရာများကို လူငယ်တွေအတွက် အသိအမြင်ရကြစေရန်ဟူ၍လည်းကောင်း၊ အဖွဲ့ဝင် မမျိုးစန္ဒီဦးက “လူငယ်နှင့် အောင်မြင်မှု” ခေါင်းစဉ်ဖြင့် အောင်နိုင်ချင်ရင် မှန်ကန်နေရမယ်(သစ္စာ)၊ တရားမျှတရပါမယ်(ဓမ္မ)၊ ကြိုးစားလုံ့လပြုရမယ် (ဝီရိယ) နှင့် စွန့်လှူ၊ စွန့်လွှတ်၊ စွန့်စားရမယ်၊ အရင်းအနှီး ပေးဆပ်ရမယ်(စာဂ)ဆိုသည့် အချက် (၄) ချက်နှင့် ပြည့်စုံရမည် ဖြစ်ကြောင်း၊ သိသင့်သည့်နည်းနာဗဟုသုတဖြစ်သည့် “မိမိထက်မြတ်သူကို ရိုသေမှုဖြင့် အောင်နိုင်၏၊ ဗိုလ်ပါ သူရဲကို အဖော်ခွဲ/ သင်ကွဲ၍ အောင်နိုင်၏၊ လက်အောက်ငယ်သားကို လက်ဆောင်ပေး၍၊ ကိုယ်နှင့်တူသူကို ကြိုးစားမှု လုံ့လပြု၍” အောင်ကြောင်းတရား (၄) ပါး(ဟိတောပဒေသ)နှင့် ဓမ္မပဒမှ အောင်နိုင်ခြင်း (၅) ပါးဖြစ်သည့် ဒေါသအမျက်ထွက်နေသူကို အမျက်မထွက်ခြင်းဖြင့်၊ ယုတ်မာသူကို ကောင်းသဖြင့် အောင်နိုင်၊ စေးနဲဝန်တိုသူကို ပေးကမ်းခြင်းဖြင့်၊ မဟုတ်မမှန်သူကို ဖြောင့်မှန်ခြင်းဖြင့်၊ မကောင်းမှုကို ကုသိုလ်တရားဖြင့်ကိုလည်းကောင်း၊ အဖွဲ့ဝင်မနန္ဒာဝင်းက “လူငယ်နှင့် အောင်မြင်ရေး” ခေါင်းစဉ်ဖြင့် ငယ်စဉ်ကထဲက အောင်မြင်မှုတွေ အသီးသီးရခဲ့ကြသည့်သူတွေကို လေ့လာကြည့်သည့်အခါ “အကျင့်စာရိတ္တ ကောင်းမွန်ခြင်း၊ အလုပ်ကို ချစ်မြတ်နိုးခြင်း၊ လုံ့လဝီရိယ ရှိခြင်း၊ ဇွဲရှိခြင်း၊ ပေါင်းသင်းဆက်ဆံရေး ကောင်းခြင်းနှင့် အများအကျိုးအတွက် ဆောင်ရွက်လို စိတ်ရှိကြခြင်း” ဖြစ်ကြောင်း၊ ကမ္ဘာလောကအတွက် လူသားကောင်းကျိုးအတွက် အလုပ်လုပ်သည့် လူများသည် ကြီးမြတ်ကြသည်။ အလုပ်ကြောင့် ဂုဏ်ရောင်ပြောင်ကြသည်။ အောင်မြင်ရေးကို ချောမွေ့ချင်ရင် စာအုပ်စာပေကို အဖော်မွန်အဖော်ကောင်းအဖြစ် ပေါင်းသင်းရမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ “လူငယ်နှင့်အောင်မြင်မှု” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။      

သက်နောင်ဦး(ငါန်းဇွန်)