တပ်ကုန်း ဇွန် ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၄၈၉၉၂ ဧကလျာထားစိုက်ပျိုးပြီး စပါးထုတ်လုပ်မှုတိုးတက်ရေးနှင့် တောင်သူလယ်သမားများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရေး အရည်အသွေးကောင်းမျိုးစပါးများ တိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆန်စပါးထုတ်လုပ်မှုတိုးတက်ရေးအတွက် မျိုးကောင်း မျိုးသန့်ထုတ်လုပ်သုံးစွဲရေး၊ လေ့ကျင့်ပညာပေးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးကို အဓိကထား၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ဆည်ရေကို အကျိုးရှိစွာအသုံးချဆောင်ရွက်ခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေး မျိုးကောင်း၊ မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးစေခြင်း၊ သွင်းအားစုများ စနစ်တကျထည့်သွင်းပြီး လေလွင့်ဆုံးရှုံးမှုများလျော့နည်းစေရန် စီမံဆောင်ရွက်ခြင်း၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာများ သုံးစွဲလာနိုင်စေရေး ပေါင်းစပ်ကူညီပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများအား စိုက်ပျိုးနည်းစနစ်များဆိုင်ရာ နည်းပညာပေးများဟောပြောခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော ပိုးမွှားရောဂါများကျရောက်မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရန် နည်းပညာပေးဟောပြောခြင်း စသည့် စိုက်ပျိုးရေးနည်းပညာပေးဆွေးနွေးပွဲများကိုလည်း စိုက်ပျိုးရေးရှေ့တန်းစခန်းအလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်