တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှု

ချမ်းအေးသာစံ ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ​လူမှုရေးရာဝန်ကြီး  ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်​အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်းတို့နှင့် ရောက်ရှိပြီး အခြေခံပညာ Grade 12 ပြန်လည် ဖြေဆိုရန် ဆောင်ရွက်ထားရှိမှုများ၊ အခန်းနေရာချထားမှုများ၊ စာဖြေကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့်လူမှုရေးအသင်းအဖွဲ့ဝင်များမှ ထိုင်ခုံနေရာချထားခြင်း၊ သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် အခြားလိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါကျော်၊ ကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်စိုး၊ ကြီးကြပ်ရေးမှူး ဒေါ်အေးစိုး (အ.ထ.က ၂၂)နှင့် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းတင်ပြ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြသည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ  အဖြေလွှာများ မီးလောင်ပျက်ဆီးခဲ့ရသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုကျင်းပမည်ဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကာလကို ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၂၁ နေ့အထိဖြစ်ပြီး ချမ်အေးသာစံမြို့နယ်တွင် စာစစ်ဌာန ၄ နေရာတွင် သတ်မှတ်ထားရှိကာ တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၂၈) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ချမ်းမြေ့မောင် (ပြန်/ဆက်)