မိုင်းပျဉ်း ဇွန် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေး ရှင်းလင်းပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျောင်း၏ နဝဒေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ အတွင်းရေးမှူး မြို့မစခန်းမှူး ဒုရဲမှူးအောင်ကျော်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ အကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကိုလည်းကောင်း၊ အဖွဲ့ဝင် ဥပဒေအရာရှိ ဦးမျိုးဇော်အောင်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဥပဒေများအကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင် လမ်းဦးစီးကိုယ်စား အငယ်တန်းအင်ဂျင်နီယာ (၂) ဦးအောင်ကျော်မိုးက လမ်းနယ်/လမ်းညွှန်ဆိုင်းဘုတ်များ အကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။
အဆိုပါ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေးရှင်းလင်းပွဲ အခမ်းအနားသို့ မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ အ.ထ.က ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
နန်းသန္တာဦး(ပြန်ဆက်)