ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပ

ကိုကိုးကျွန်း ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇွန်လ (၉) ရက်နေ့ နံနက်(၁၀) နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကိုကိုးကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီစောမှ အဖွင့်အမှာစကားပြောကြားရာတွင် မကြာမီကာလအတွင်း မိုးရာသီသို့ ရောက်ရှိတော့မည်ဖြစ်သည့်အတွက် မိုးဦးကာလတွင်ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အခြားရောဂါးဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်စေရန် ယခုလို အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတိပေးချက်များကိုလည်း လိုက်နာရန် အသိပညာပေးဟောပြောခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသုတ​အောင်က ပြည်သူများ မိုးဦးကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ အခြားရောဂါများနှင့်ပတ်သတ်၍ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တက်ရောက်လာကြသော ပြည်သူလူထုမှ သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသုတအောင်မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ ဒေသခံပြည်သူများ စုစုပေါင်း ၁၀၇ ဦး တက်ရောက်ခဲ့​ကြောင်း သိရသည်။

အခမ်းအနားအ​ပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သတ်၍ အသိပညာပေးပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ​ လေ့လာကြည့်ရှုခဲ့ပြီး မြို့နယ်​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်း (ပြန်/ဆက်)