ကျောက်တလုံးကြီးမြို့တွင် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကျောက်တလုံးကြီး ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများကို ထီပြွန်နှင့် နောင်ယာဆိုင်းအခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီး မြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားဆိုင်ရာတားမြစ်ချက်များ၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်စသည်တို့ကို ဟောပြောပြီး ဝန်ထမ်းများက ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်သည်။

အဆိုပါ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲသို့ အ.မ.က ထီပြွန်နှင့် နောင်ယာဆိုင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်လှည့်လုပ်ငန်းများအပြင် အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း