ကျောက်တလုံးကြီး ဇွန် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ချယ်ရီမြေလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာရုံးများ၊ လူစည်ကားရာနေရာများသို့သွားရောက်၍ ယနေ့နံနက် ၈ နာရီက ဖြန့်ဝေသည်။
အဆိုပါလက်ကမ်းစာစောင်ကို ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီက တာဝန်ခံထုတ်ဝေပြီး လက်ကမ်းစာစောင်အတွင်း ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားဆိုင်ရာတားမြစ်ချက်များ၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ကလေးအလုပ်သမား ပပျောက်ရေးရည်မှန်းချက်စသည်တို့ ပါဝင်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နေ့ထူးနေ့မြတ်များ၊ အသိပညာပေးအကြောင်းအရာများကို ပြည်သူများ ပိုမိုသိရှိနိုင်ရန်နှင့် အသိပညာများတိုးပွားလာစေရန် လက်ကမ်းစာစောင်များကို ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း