အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ အစီအစဉ်-၃ (၂၀၂၄) အရ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ လှူဒါန်းသောဆန် (၁၅၇၅) တန်အား စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

ချမ်းအေးသာစံ ဇွန် ၁၂

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာ (APTERR) အစီအစဉ်-၃ (၂၀၂၄) အရ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ လှူဒါန်းသောဆန် (၁၅၇၅) တန်အား စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ APTERR အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် ကိုရီးယားသမ္မတနိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုး၊ ညွှန်ကြားရေးမှူး ဦးတိုးမင်းနှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများနှင့်ငလျင်ဘေးသင့်ပြည်သူများ တက်‌ရောက်ကြသည်။

အခမ်းအနား၌ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အမှာစကားပြောကြားပြီးနောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုးက APTERR အစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ထိုင်းနိုင်ငံ၊ APTERR အတွင်းရေးမှူးချုပ်ရုံးမှ Greneral Manager Dr. Choomjet Karnjanakesorn ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးကိုယ်စားလှယ် Ms. Kim Weolsoon နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးအတိုင်ပင်ခံ Mr. Ouyang Daobing တို့က လှူဒါန်းမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

၎င်းနောက် APTERR အစီအစဉ်-၃ (၂၀၂၄) အရ လှူဒါန်းသည့် ဆန်များကို လူမှုရေးရာဝန်ကြီးထံသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်က လွှဲပြောင်းပေးအပ်ပြီး ထိုင်းနိုင်ငံ APTERR အတွင်းရေးမှူးချုပ်ရုံးမှ Greneral Manager Dr.Choomjet Karnjanakesorn၊ မြန်မာနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးတို့မှ ကိုယ်စားလှယ်များက ငလျင်ဘေးသင့်ပြည်သူများထံ ဆန်အိတ်များ လွှဲပြောင်းပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အလှူရှင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းနှင့် ငလျင်ဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့‌ကြောင်း သိရသည်။

ထွန်းထွန်းနိုင်