နေပြည်တော် ဇွန် ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စုတွင် ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်နိုင်ရေး၊ သစ်တောပြုန်းတီးမှုများ လျော့နည်းပပျောက်စေရန်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အား Green City၊ Clean City၊ Smart City ဖြစ်စေရေးအတွက် သစ်ပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နေပြည်တော်အတွင်း တစ်အုပ်တစ်မစိုက်ခင်းများ၊ ကျေးရွာထင်း စိုက်ခင်းများ၊ ရေဝေရေလွှဲ ထိန်းသိမ်းခြင်းစိုက်ခင်းများ၊ လမ်းဘေးဝဲယာများနှင့် မြို့ပြ၊ ကျေးလက်ပါမကျန် စိုက်ပျိုးသွားရန်၊ သစ်ပင်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ ရေအရင်း အမြစ်များကို ထိန်းသိမ်းနိုင်ရေးနှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းပေးနိုင်ကြောင်း၊ စိုက်ပျိုးပြီး သစ်ပင်များကိုလည်း ရှင်သန်ဖြစ်ထွန်းမှုရှိအောင် ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပိတောက်ပင်ကို စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများမှ သတ်မှတ်နေရာများတွင် ပိတောက်၊ ကုက္ကိုလ်၊ တမာနှင့် မန်ကျီးပင် စုစုပေါင်း ၂၀၀ ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်းကျင်တွင် ယခု စိုက်ပျိုးခဲ့သည့်အပင်များအပါအဝင် အပင်ပေါင်း (၁၅၀၀၀) ကို ထပ်မံ စိုက်ပျိုးပေးသွားမည်ဖြစ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ ရပ်မိ၊ ရပ်ဖများ၊ ဒေသခံပြည်သူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ညောင်ကုန်းကျေးရွာသို့ သွားရောက်ပြီး မိုးရေနစ်မြှုပ်မှုကြောင့် နွေနှမ်းများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများအား မျိုးစပါးများ ပေးအပ်ခဲ့ကာ ဆင်ဆိပ်ရိုး ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ မှန်တောကျေးရွာ၊ အမှတ်(၁၉)၊ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ယာယီစာသင်ဆောင် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စာသင်ဆောင်အား ခိုင်ခံမှုရှိအောင်ဆောက်လုပ်ရေး၊ ကျောင်းအတွင်း ရေဝပ်နေသည့် နေရာများကို သဲမြေများ၊ အုတ်ကျိုးများဖြင့် ပြန်လည်ပြုပြင် ဆောင်ရွက်သွားရေး၊ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ချုံ၊ နွယ်၊ အမှိုက်များ ရှင်းလင်းစေရေးတို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ သီရိအနော်ရထာလမ်းနှင့် လွှတ်တော်ဝင်းအတွင်းသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မရေပိုက်လိုင်းများနှင့် ရေပေးဝေရေး ပိုက်လိုင်းများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာ သစ္စာလမ်းနှင့် ဥတ္တရသီရိမြို့နယ် မန္တလေးလမ်းသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီး ခဲ့သောလမ်းများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံမှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ် ပင်လောင်းလမ်းသို့ သွားရောက်ပြီး လမ်းဘေးဝဲယာစိုက်ကွင်းများတွင်သီးနှံများ စိုက်ပျိုးရေးနှင့်ပတ်သက်၍ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအား မြှင့်တင်နိုင်ရေး၊ စိုက်ကွင်းများတွင် မြေကွက်လပ်မရှိအောင် ဧရိယာအပြည့် စိုက်ပျိုးနိုင်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)