မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်စက်မှုဇုန်နှင့် ကျောက်တန်းစက်မှုနယ်မြေ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မော်လမြိုင် ဇွန် ၁၁

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်ရှိ မော်လမြိုင်စက်မှုဇုန်သို့သွားရောက်ပြီး စက်မှုဇုန်လုပ်ငန်းရှင်များနှင့် ရှင်းလင်းဆောင်တွင်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က “တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေး”တို့ကို နိုင်ငံတော်၏ မျှော်မှန်းချက်များအဖြစ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဇုန်များ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ရေရရှိရေးကို ဆောင်ရွက်ပြီးဖြစ်သလို လျှပ်စစ်မီးပိုမိုရရှိနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ MSME စီးပွားရေးလုပ်ငန်းအပါအဝင် အခြေခံလိုအပ်ချက်ဖြစ်သည့် နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် မြေနေရာလိုအပ်ချက်တို့ဖြစ်ကြောင်း၊ စက်မှုဇုန်အတွင်း နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိမည့် ကုန်ထုတ်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထို့အပြင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်းထွက် ကုန်ကြမ်းများကိုအသုံးပြုပြီး ပြည်ပသွင်းကုန်များအစားထိုး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မော်လမြိုင်စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီတာဝန်ရှိသူမှ စက်မှုဇုန်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ အကြံပြုဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထူးစက်မှုလက်မှုလုပ်ငန်းတွင် Centerless Grinding Machine၊ CNC Lathe Machine ၊ Hobbing Machine စက်ကြီးများဖြင့် ကားအင်ဂျင်ပိုင်းနှင့်ပတ်သက်သည့် စက်ပစ္စည်းများ ထုတ်လုပ်နေမှု၊ လယ်ယာသုံးစက်ကရိယာ ကောက်စိုက်စက်၊ Drum seeder ထုတ်လုပ်မှု၊ ဆက်လက်၍ Green Box သစ်အခြေပြု အသေးစားလူသုံးကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း (value added) ရော်ဘာသစ်မှ (end product) မီးဖိုချောင်သုံးပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်း၊ နိုင်ငံခြားသွင်းကုန်အစားထိုး ပလတ်စတစ်ရေတိုင်ကီ ရေခဲပုံးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက် ကျောက်တန်းစက်မှုနယ်မြေသို့သွားရောက်ပြီး Betel World Co.ltd ကွမ်းသီးကမ္ဘာကုမ္ပဏီ လီမိတက်၏ ကွမ်းသီးစိမ်းမှ ကွမ်းသီးပြုတ် ကွမ်းသီးခြောက်ထုတ်လုပ်မှုလုပ်ငန်းမှ ပြည်ပပို့ကုန် ကွမ်းသီးယိုထုတ်လုပ်မှုစက်ရုံ၊ ပြည်နယ်သားစတား စားသောက်ကုန်လုပ်ငန်း ပဲပြားစက်ရုံ၊ ပြည့်စုံ အလူမီနီယံ၊ လိတ်တံခါး၊ ဆီလီကွန်နှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်​ဖြန့်ဖြူးရောင်းဝယ်ရေးအလုပ်ရုံ၊ ငွေမိုးကွန်ကရစ်စက်ရုံတို့အား လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား ပြည်ပပို့ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ ပြည်ပသွင်းကုန် အစားထိုးလုပ်ငန်းများအတွက် ကူညီပံ့ပိုးဆောင်ရွက်ရေး၊ ချေးငွေများရှိစေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ငွေမိုးကွန်ကရစ်စက်ရုံရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်မှုဇုန်များနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များ၊ ရေအသုံးချမှုသတ်မှတ်ချက်များ၊ မီးဘေးအန္တရာယ်ကာကွယ်မှုစနစ်များ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး၊ အမှိုက်နှင့် ရေဆိုးစွန့်ပစ်မှုစနစ်များကို စနစ်တကျ ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားကာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စည်သူ (ပြန်/ဆက်)