အလုံမြို့နယ်၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

အလုံ ဇွန် ၁၁

အလုံမြို့နယ်၌ ကျန်းမာ​ရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက သစ်တောရပ်ကွက်ရှိ အလုံမူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၂ ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သဇင်ခိုင်က သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများအကြောင်း၊ ဦးစီးအရာရှိ (သွားကျန်းမာ) ဒေါက်တာမေသီရိက ၅-နှစ်အောက် ကလေးများ၏ သွားနှင့် ခံတွင်းကျန်းမာရေးအကြောင်း၊ ဦးစီးအရာရှိ (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ) ဒေါ်မိုးသီတာဦးက ပုံမှန်ကာကွယ်ဆေးထိုးခြင်း၏ အရေးပါပုံနှင့် ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်သောရောဂါများအကြောင်း၊ ကျန်းမာရေးမှူး-၁ ဦးသန်းနိုင်က ဌက်ဖျားရောဂါအကြောင်းနှင့် ရောဂါမဖြစ်ပွားအောင်ကာ ကွယ်ရမည့် နည်းလမ်းများ၊ အခြားဒေသမှ ပြောင်းရွှေ့လာသူများအား ဌက်ဖျားပိုးစစ်ဆေးရန် လိုအပ်ကြောင်းနှင့် ဌက်ဖျားရောဂါနှင့် ပတ်သက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးနေသော လုပ်ငန်းများတို့အား အသိပညာပေးဟောပြောခဲ့​ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၂ မှ မူလတန်းကြိုကျောင်းအတွက် အလှူငွေအား ကျောင်းအုပ်ကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ပူးပေါင်းအဖွဲ့မှ မူလတန်းကြိုကျောင်းရှိ ရေကန်အား အဘိတ်ဆေးခပ်ခြင်း၊ ကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာအား ဖုံး၊ သွန်၊ လှဲ၊ စစ် လုပ်ငန်းအား ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဆရာမများနှင့် ကျောင်းသားမိဘ (၄၀) ဦး တက်ရောက်ခဲ့‌ကြောင်း သိရသည်။

ယောဧရာ (ပြန်/ဆက်)