မော်လမြိုင် ဇွန် ၁၁
မော်လမြိုင်မြို့၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မြင့်ဋ္ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်ဝင်းဝင်းမာက လက်ရှိဆောင်ရွက်ပေးနေသောကလေး သူငယ်မှုခင်းများ၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည့်အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနများအလိုက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်နေသည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြရာ လိုအပ်သည်များကို မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌကိုယ်စား ရဲမှူးအောင်မြင့်ဋ္ဌေးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)