သာစည် ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန်အတွက် နှစ်စဉ်ဘဏ္ဍာရေး နှစ်အလိုက် လမ်းများအဆင့် မြှင့်တင်ခြင်း၊ ရေကျော်တည်ဆောက်ခြင်းများနှင့် တံတားတည်ဆောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေဖြင့် မိတ္ထီလာတောင်ကြီးလမ်းမှ ကြက်မောက်-ဇီးတောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း (၀/၂)မိုင်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိတ္ထီလာ-တောင်ကြီးလမ်းမှ ကြက်မောက်-ဇီးတောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း (၀/၂)မိုင် ခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ်(၁၁၃.၄၂၈)သန်းဖြင့် လမ်းအရှည်(၀/၂)မိုင်၊ အကျယ်(၁၂)ပေ၊ ထု (၁၅) လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးကျော်ဇေယျာဝင်းနှင့် မိတ္ထီလာခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဒေါ်နှင်းနှင်းအိလှိုင်တို့က သွားရောက်၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး စနစ်တကျဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သာစည် - ကြက်မောက်လမ်းသည် အရှည်(၃/၆)မိုင်ရှိပြီး၊ ကတ္တရာခင်းခြင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ်(၁၂၈.၅၀) သန်းဖြင့် ကတ္တရာခင်းခြင်း (ဝ/၄)မိုင်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် (၇၉.၈၅၆)သန်းဖြင့် ကျောက်ချောခင်းခြင်း (ဝ/၄)မိုင်၊ ကျန်ရှိနေသော(၃)မိုင်အားလည်း ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိရေးလျာထား ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ၎င်းလမ်းများကို အသုံးပြုနေသော ကျေးရွာ(၅)ရွာမှ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် ကုန်စည် စီးဆင်းမှုသွက်လက်မြန်ဆန်ပြီး လူမှုရေး၊ စီးပွားရေး၊ကျန်းမာရေးကိစ္စရပ်များ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)