တာချီလိတ် ဇွန် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ(ဖလား) ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသမီး(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။
ဗိုလ်လုပွဲတွင် တာလေအမျိုးသမီးဘောလုံးအသင်းနှင့် ရန်အောင်မြေအမျိုးသမီးအသင်းတို့ ပွဲချိန်ပြည့် ယှဉ်ပြိုင်ကစားခဲ့ကြရာ တာလေအသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာထွန်းနှင့် တာဝန်ရှိသူများက နေရာအလိုက် အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံး ဂိုးသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုများအပါအဝင် ပထမဆု၊ ဒုတိယဆု ရရှိသောအသင်းမှ တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားအား အသီးသီးဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုယ်စားပြု လက်ရွေးစင်အမျိုးသမီးအားကစားသမားကောင်းများ ရွေးထုတ်နိုင်ရန်၊ အမျိုးသမီးများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်နှင့် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကျင်းပခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)