ရန်ကုန် ဇွန် ၁၁
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ အပတ်စဉ်(၁၆၆) ဒဿမအကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟိုသားဖွားသင်တန်းကျောင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် ဗဟိုသားဖွားသင်တန်းကျောင်း၏ သင်တန်းဆင်းသစ်လွင်ဘက်စုံသားဖွားဆရာမများက “တာဝန်ကျေမည်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဝန်ထမ်းများမှ အမျိုးသားကျန်းမာရေးစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟိုသားဖွားသင်တန်းကျောင်း(ရန်ကုန်)မှ သင်တန်းပြီးမြောက်သည့် (၂၀၂၃ - ၂၀၂၅) ပညာသင်နှစ် အပတ်စဉ် (၁၆၆) ဒဿမအကြိမ်မြောက် သစ်လွင်ဘက်စုံသားဖွား ဆရာမ(၁၂၈)ဦးအား ဒီပလိုမာအောင် လက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အရေးပါပြီး အခြေခံကျသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် မျိုးဆက်သစ်သားဖွား ဆရာမများအား ဂုဏ်ပြုသည့် အခမ်းအနားဖြစ်ကြောင်း၊ သစ်လွင်ဘက်စုံသားဖွားဆရာမများသည် ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် တာဝန်ကိုကျေပွန်စွာ အသီးသီးထမ်းဆောင်နေကြသည်ကို တွေ့ရှိရကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးမြှင့်တင်ခြင်း၊ ရောဂါကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဟူသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပီပြင်စွာ ဆောင်ရွက်နိုင်ရန် သားဖွားဆရာမများသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသူများဖြစ်ပါကြောင်း၊ သားဖွားဆရာမများ၏ အဓိကထားပြီး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်ဝတ္တရားများ၊ လွှဲပြောင်းထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များကို စနစ်တကျကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်းတိုးတက်မြင့်မားလာစေရန် အခြားကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးကြရန်စသည်တို့ကို ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဗဟိုသားဖွားသင်တန်းကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ ဗဟိုသားဖွားသင်တန်းကျောင်း (ရန်ကုန်)၊ ကျောင်းအုပ်ကြီး ဒေါ်ဒါ့ရှီဒေါန်နူးကလည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ သင်တန်းဆင်းသစ်လွင်ဘက်စုံသားဖွားဆရာမများကလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဗဟိုသားဖွားသင်တန်းကျောင်း(ရန်ကုန်)၊ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းဆင်းသားဖွားဆရာမများနှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)