မြစ်သား ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည် ဖြေဆိုမည့်စာသင်ကျောင်းများအား ယနေ့နံနက် (၇) နာရီခွဲချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများ စုပေါင်းသန့်ရှင်းရေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် Grade 12 တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းများဖြစ်သော အခြေခံပညာနှင့် စက်မှုစိုက်ပျိုး မွေးမြူရေး အထက်တန်းကျောင်း၊ ကူမဲမြို့ သာလွန်အခြေခံပညာအထက်တန်းကျောင်း ရွာခိုင်ကြီးအခြေခံပညာ အထက်တန်းကျောင်းများတွင် ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များဖယ်ရှားရှင်းလင်းခြင်း၊ ထွက်ရှိလာသော အမှိုက်များအား စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်များဖြင့် စနစ် တကျစွန့်ပစ်၍ စုပေါင်း သန့်ရှင်းရေးပြုလုပ်ခဲ့ပြီး Grade-12 တက္ကသိုလ်ဝင်တန်း စာမေးပွဲပြန်လည်ဖြေဆိုရန်အတွက် ထိုင်ခုံများ သတ်မှတ်ထားသည့်စည်းကမ်းများအတိုင်း စနစ်တကျထားရှိခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ (ဒုတိယညွှကြားရေးမှူး) ဦးစိုးအောင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများ၊ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)