တာလေ ဇွန် ၁၁
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက် (၁၀) နာရီ အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနည်းများ၊ မူးယစ်အန္တရာယ်ရှောင်ကျဉ်ဖွယ်အကြောင်းအရာ များကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြပြီး သိရှိလိုသည်များအား မေးမြန်းရာ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)