မိတ္ထီလာမြို့၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ သုတရသစာအုပ်များ ငှားရမ်း

မိတ္ထီလာ ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် အခြေခံပညာအထက်တန်း ကျောင်းများသို့  သွားရောက်၍ သုတ/ရသ စာအုပ်များကို ဆရာဆရာမများနဲ့ ကျောင်းသူ၊ ကျောင်းသားများအား ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းများဆီ ရွေ့လျားစာကြည့်တိုက်ယာဉ်နဲ့သွားရောက်ပြီး ဆရာဆရာမများနဲ့ ကျောင်းသူကျောင်းသားများကို သုတရသစာအုပ်များ လတ်တလော အပတ်စဉ်နေ့စဉ် ငှားရမ်းပေးနေတာဖြစ်ပါတယ်။ မနေ့က အ-ထ-က(၅) ရှမ်းတဲ နဲ့ အ-ထ-က (၂ ) တို့ကို သွားရောက်ပြီး ဆရာဆရာမများနဲ့ ကျောင်းသူ၊ ကျောင်းသားများ ၅ဝဝ  ဦးကျော်ကို စာအုပ်များငှားရမ်းပေးခဲ့ပါတယ်။ ဒီနေ့တော့ အထက(၃) နဲ့ အထက ( ချည်စက်) ကျောင်းများကို သွားရောက်ပြီး  သုတရသစာအုပ်များ ငှားရမ်းပေးမှာဖြစ်ပါတယ်။ အပတ်စဉ် ကျောင်းဖွင့်ရက်တွေမှာ သတ်မှတ်ရက်အတိုင်း သွားရောက်ငှားရမ်းပေးပြီး နောက်တစ်ကြိမ် သတ်မှတ်ရက်မှာ သွားရောက်ငှားရမ်းပေးတဲ့အခါ ယခင်ငှားရမ်းပေးတဲ့ စာအုပ်များကို ပြန်အပ်တဲ့စနစ်ဖြစ်ပါတယ်။ ပုံမှန်ကတော့ တစ်ဦးကို စာအုပ်တစ်အုပ်နှုန်းငှားရမ်းပေးတာဖြစ်ပြီး တစ်ကျောင်းကို တစ်ပတ်တစ်ကြိမ်နှုန်းအလှည့်ကျ ငှားရမ်းပေးလျက်ရှိပါတယ်ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်ကပြောသည်။ မိတ္ထီလာခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သုတရသစာအုပ်များ ငှားရမ်းပေးခြင်းကို အခြေခံပညာအထက်တန်းကျောင်းများအပြင် သင်တန်းကျောင်းများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာများသို့လည်း ကွင်းဆင်းငှားရမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ချမ်းသာ