နမ့်စန် (တ) ဇွန် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ဇွန်လ၂၆ ရက်နေ့၌ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် စာပေဝါသနာရှင်များအသင်း (Book Club) အဖွဲ့ဝင်များ၊ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း (၁၀) ကျောင်း မှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က မြို့နယ်ပြန်/ဆက်၊ အခြေခံပညာဦးစီးဌာနနှင့် စာပေဝါသနာရှင်များအသင်း (Book Club)တို့ ပူးပေါင်း၍ မူးယစ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ဆောင်ရွက်မည့်အစီအစဉ်တို့ကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက ပြိုင်ပွဲအမျိုးအစား၊ ပြိုင်ပွဲဝင် ကျောင်းသားဦးရေ၊ ပြိုင်ပွဲကျင်းပမည့် အချိန်နှင့် နေ့ရက်၊ပြိုင်ပွဲစည်းမျဉ်းများ၊ အမှတ်ပေးစည်းမျဉ်း စည်းကမ်း များ၊ ဆုငွေနှင့်ဆုတံဆိပ် စသည်တို့ကိုဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်အရ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် အထက်တန်းအဆင့် အထွေထွေဗဟုသုတနှင့် ဉာဏ်စွမ်းရည်ပြိုင်ပွဲတို့ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် ဇွန်လ ၂၄ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ပြီး မြို့ပေါ်ရှိ အခြေခံပညာအလယ်တန်းနှင့်အထက်တန်းကျောင်း ၁၀ ကျောင်း မှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၄ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)