ပုံပါကျင်မြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ စာဖတ်ပရိတ်သတ်များထံသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး

ပုံပါကျင် ဇွန် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက အမှတ်(၂)ရပ်ကွက်အတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း (၇၀)ကို သယ်ဆောင်၍ အမှတ်(၂)ရပ်ကွက်အတွင်းရှိ စာဖတ်ပရိသတ်များထံမှ ယခင်ငှားရမ်းထားသော စာအုပ်၊ စာစောင်များအပ်နှံမှုကို လက်ခံခြင်း၊ စာအုပ်၊ စာစောင်အသစ်များ ထပ်မံငှားရမ်းပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံပါကျင်မြို့ရုံးအနေဖြင့် လူငယ်၊ လူရွယ်များ၊ စာပေဝါသနာရှင်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့်အလေ့အထများရရှိစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များလာရောက် ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် စာဖတ်ပရိသတ်များ အဆင်ပြေစွာ ငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အိအိဖြိုး(ပြန်/ဆက်)