ချမ်းအေးသာစံ ဇွန် ၁၁
ပြည်သူ့ဆေးရုံများ၏ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းဆိုင် ဆွေးနွေးပွဲကို ဇွန် ၉ ရက်နှင့် ၁၀ ရက်များက မန္တလေးပြည်သူ့ဆေးရုံကြီးရှိ မန်းတောင်ရိပ် (၉)ထပ်ဆောင် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သံလွင်ထွန်း၊ မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး၊ ညွှန်ကြားရေးမှူး (သူနာပြု)ဒေါ်အက်စ်ဘန်တောင်၊ ဒုတိယညွှန်ကြားရေးမှူး(ဆေးရုံအုပ်များ)၊ လက်ထောက် ညွှန်ကြားရေးမှူး(သူနာပြု)၊ မန္တလေးမြို့ရှိ ဗဟိုအဆင့်ဆေးရုံကြီးများမှ သူနာပြုအုပ်ကြီးများ၊ သူနာပြုအုပ်များ၊ အထက်တန်းသူနာပြုများ၊ သူနာပြုများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။
အဆိုပါဆွေးနွေးပွဲ၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လူနာများ၊ ပြည်သူများနှင့်ဆက်ဆံရေး ပြေပြစ်ကောင်းမွန်စေရေးအတွက် အလေ့အကျင့်ကောင်းများရရှိစေရေး အလေးထားဆောင်ရွက်ပေးရန်၊ ဆရာဝန်၊ သူနာပြုများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လူနာများနှင့် ဆက်ဆံရေး ပိုမို ကောင်းမွန်စေရန်အတွက် လေ့ကျင့်ပျိုးထောင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ် ဆောင်ရွက်ပေးရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားထားပါကြောင်း၊ သူနာပြုများအနေဖြင့် လူနာ၊ ပြည်သူများနှင့် ဆက်ဆံရေးအဆင်ပြေချောမွေ့သည့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ကောင်းမွန်စွာဆောင်ရွက်ပေးနိုင်ရန်အလွန်အရေးကြီး ပါကြောင်း၊ ပြည်သူ့ဆက်ဆံရေးတွင် ပြည်သူ့ဆေးရုံများ၌ အဓိကလူနာများသာမကဘဲ လူနာစောင့်၊ လူနာမိသားစုများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများနှင့် ဆရာဝန်၊ သူနာပြု၊ အခြားကျန်းမာရေးဝန်ထမ်းများတို့ပါဝင်ကြပြီး အချင်းချင်းဆက်သွယ်ဆောင်ရွက်ကြရာတွင် ချောမွေ့အဆင်ပြေသည့် လူမှုဆက်သွယ်ရေး လမ်းကြောင်းတစ်ခုကို အချိတ်အဆက်မိမိဖော်ဆောင်နိုင်ခြင်းအားဖြင့် ဆေးကုသမှုလုပ်ငန်းများကို ကူညီပံ့ပိုးပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက်ညွှန်ကြားရေးမှူး(သူနာပြု) ဒေါ်အက်စ်ဘန်တောင်က ကုသရေးဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် Public Relation ၏ အခန်းကဏ္ဍကို သိရှိနားလည်စေရန်၊ ကျန်းမာရေးဝန်ထမ်းများနှင့်လူနာ၊ ပြည်သူများ အကြားဆက်ဆံရေးအဆင်ပြေ ချောမွေ့တိုးတက်စေရန်၊ လူနာနှင့်လူနာရှင်များ၏ စိတ်ဖိစီးမှုများအား တစ်ထောင့်တစ်နေရာမှလျှော့ချနိုင်ရန်၊ ဆက်ဆံရေးအဆင်မပြေမှုကြောင့်ဖြစ် ပေါ်လာနိုင်သည့် ဆေးကုသ/ဝန်ဆောင်မှုလုပ်ငန်းများ အခက်အခဲဖြစ်ခြင်း၊ နှောင့်နှေးခြင်းတို့ကို စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရန်၊ ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံများတွင် ပြည်သူများနှင့် ဆက်သွယ်ဆောင်ရွက်ရာ၌ ဆက်ဆံရေးပိုမိုကောင်းမွန်စေရန်နှင့် လူနာများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်စေရန်၊ ပြည်သူ့ဆေးရုံများ၏ ဝန်ဆောင်မှုလုပ်ငန်းများကို ရှုမြင်သုံးသပ်သည့် သဘောထားအမြင်များ တိုးတက်ကောင်းမွန်စေရန်ရည်ရွယ်၍ ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။
အဆိုပါ ပြည်သူ့ဆေးရုံများ၏ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ဆွေးနွေးပွဲ၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး၊ ညွှန်ကြားရေးမှူး (သူနာပြု)တို့က ပြည်သူ့ဆက်ဆံရေး Public Relation (PR)အကြောင်း၊ ပြည်သူ့ဆေးရုံများတွင်ပြည်သူများနှင့်ဆက်သွယ်ဆောင်ရွက်ရာ၌ ဆက်ဆံရေးပိုမိုကောင်းမွန်စေရန်၊ လူနာများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှုကို အချင်းချင်း အချိတ်အဆက်ကောင်းမွန်းစွာဖြင့် တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့မောင်