ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၁၂၉ စင်တီမီတာခန့်လို

ညောင်ဦး ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး ၊ညောင်ဦးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၁၁ ရက်၊ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၁၂၉ စင်တီမီတာခန့်လိုကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မှ တာဝန်ခံ ဒေါ်ခင်လှနုထွေးထံက သိရသည်။

ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန် တိုင်ထွာချက်အရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအောက်သာ ရောက်ရှိနေသေးပြီး ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၁၃၃ စင်တီမီတာလိုကြောင်း၊ ယနေ့ နံနက် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ၁၉၉၁ စင်တီမီတာရှိနေကာ တဖြည်းဖြည်း တက်လာနေကြောင်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိရန် ၁၂၉ စင်တီမီတာသို့ ရောက်ရှိကာ တဖြည်းဖြည်းနီးလာနေကြောင်း၊ မြစ်ရေကြီးမှုအခြေအနေအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှု အခြေအနေအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းကာ သတင်းထုတ် ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးမြို့တွင် ဧရာဝတီမြစ် ရေတိုင်းတာ ခြင်းများအား တစ်ရက်သုံးကြိမ်တိုင်းတာကြောင်း၊ စိုးရိမ်ရေမှတ် ရောက်ရှိရန် နီးကပ်လာပါက ဧရာဝတီမြစ် ရေကြီးမှု သတိပေးချက်ထုတ် ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ရုံးတာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း