ဟိုပုံးမြို့နယ်၌ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ဟိုပုံး ဇွန် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က နမ့်ဗော်ဟွန်း ကျေးရွာအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ဖို့၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေဖို့၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ဖို့၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းမှာ ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေဖို့ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာရှိတဲ့ မြို့နယ်(၃) မြို့နယ်မှာ သစ်တောဦးစီးဌာနမှ ယခုနှစ် မိုးရာသီမှာ စိုက်ပျိုးဖို့အတွက် ပျိုးပင်ပေါင်း (၁၈၀၇၁၀) ပင် ပျိုးထောင်ထားရှိပြီး အင်းလေကန်ရေဝေရေလဲထိန်းသိမ်းရေးစီမံကိန်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း၊  ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ ကျေးရွာထင်းစိုက်ခင်းတည်ထောင်ခြင်း၊ သဘာဝတောတန်ဖိုးမြှင့် စိုက်ပျိုးခြင်း လုပ်ငန်းများအတွက် (၁၀၆၆၀၀) ပင် စိုက်ပျိုးပြီးစီးခဲ့ပြီး ဌာနဆိုင်ရာ၊ တပ်ရင်း/တပ်ဖွဲ့နှင့် ပြည်သူလူထုသို့ ပျိုးပင် (၇၄၁၁၀) ပင်ကို အခမဲ့ဖြန့်ဝေစိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊ ယခုနှစ်မိုး ရာသီတွင် စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ထင်းရှူး၊ မျောက်ငိုအစရှိတဲ့ သစ်မျိုး(၄)မျိုး ပျိုးပင်ပေါင်း(၁၀၀၀)ပင် စိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊ သဘာဝသစ်တော၊ သစ်ပင်များကို တန်ဖိုးထားထိန်းသိမ်းပြုစုခြင်းနှင့် သစ်တော၊ သစ်ပင်မရှိတဲ့နေရာတွေမှာ သစ်ပင်စိုက်ပျိုးခြင်းဟာ နိုင်ငံတော်နှင့် ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်စေရုံသာမက ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများကို တစ်ဖက်တစ်လမ်းက ကာကွယ်တားဆီးရာတွင် အထောက်အပံ့ဖြစ်သလို လူသားတို့အသက်ရှင်ရပ်တည်ရေးအတွက် အဓိကကျပါကြောင်း ပြောကြားသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက စိုက်ပျိုးမည့်ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းကိုလည်းကောင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက တပ်ရင်း/တပ်ဖွဲ့များအတွက် စိုက်ပျိုးမည့် ပျိုးပင်များကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဋ္ဌေးအောင်ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက စိုက်ပျိုးမည့်ပျိုးပင်များကို ဒေသခံပြည်သူများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့နှင့် ဒေသခံပြည်သူများ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား ကြည့်ရှုခဲ့ကြသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိန်ပန်းနီ(၃၀၀)ပင်၊ စိန်ပန်းပြာ(၃၀၀)ပင်၊  မျောက်ငို (၂၀၀)ပင်နှင့် ထင်းရှူး(၂၀၀)ပင် စုစုပေါင်း(၁၀၀၀)ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)