ကျိုင်းတုံမြို့၌ ရုံးစာရေးသားနည်း၊ သတင်းရေးသားနည်းနှင့် စာကြည့်တိုက်ပညာသင်တန်း(၁/၂၀၂၅)သင်တန်းဆင်းပွဲ ကျင်းပ

ကျိုင်းတုံ ဇွန် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ရုံးစာရေးသားနည်း၊ သတင်းရေးသားနည်းနှင့် စာကြည့်တိုက်ပညာသင်တန်း(၁/၂၀၂၅)ဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအားဗျေ့ (ခ) ဦးအေးမောင်နှင့် ကျိုင်းတုံခရိုင် ပြန်ကြား‌‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့က သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့‌နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက  သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ဆုများနှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (ကျိုင်းတုံ)၊ ကျိုင်းတုံခရိုင်ရုံး၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ တုံတာမြို့နယ်/မြို့ရုံးများမှ ဝန်ထမ်း ၁၅ ဦး တက်ရောက်ပြီး ဇွန် ၆ ရက်မှ ၁၂ ရက်အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)