ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ FAIRYLAND KALAW ရုပ်ရှင်ရိုက်ကွင်း စတူဒီယိုစီမံကိန်းလုပ်ငန်းများ လာရောက်ရှင်းလင်း

တောင်ကြီး ဇွန် ၁၁

FAIRYLAND KALAW ရှပ်ရုင်ရိုက်ကူးကွင်းစတူဒီယို စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ယမန်နေ့ မွန်းလွဲ (၂) နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းကြောင်း သိရသည်။

စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ စတုဒီယိုတည်ထောင်သူ ကိုအာကာမှ ရှင်းလင်းရာ ကလောခရိုင်၊ ကလောမြို့နယ်၊ မြင်းမထိကျေးရွာအုပ်စုရှိ မြေရိုင်းဧရိယာ ၃၀.၀၀ ဧကပေါ်တွင် သစ်ပင်များ စိမ်းစိုသာယာလှပအောင်စိုက်ပျိုးလျက် ပြည်တွင်းပြည်ပဧည့်သည်များအား လာရောက်လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရုပ်ရှင်စတူဒီယိုနှင့် နားနေဆောင်များ တည်ဆောက်ပြီး ရှမ်းပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်အောင် ကြိုးစားဖော်ဆောင်မည့် လုပ်ငန်းစီမံကိန်းအား ရှင်းလင်းသွားကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်းစီမံချက်နှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သက်ဆိုင်ရာဝန်ကြီးဌာန သဘောထားတောင်ခံရန် လိုအပ်ပါကြောင်း၊ သစ်ပင်များစိုက်ပျိုးမည်ဆိုပါက အားပေးပါကြောင်း၊ သက်ဆိုင်ရာဌာန၏ လုပ်ထုံး၊ လုပ်နည်းအတိုင်း ဆောင်ရွက်ရန်နှင့် မြေအသုံးချမှု ခွင့်ပြုမည်ဆိုပါက စည်းကမ်းတကျ၊ နည်းလမ်းတကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ဒေသနှင့်ရုပ်ရှင်လုပ်ငန်းအတွက် အကျိုးရှိမည်ဖြစ်ကြောင်း လမ်းညွှန်အမှာစကား ပြောကြားကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)