သာစည် ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော သာစည်မြို့နယ် မြန်မာ့မီးရထားဌာနမှ အာမခံအလုပ်သမား အလုပ်ခွင်ထိခိုက်သေဆုံးသွားသည့် အတွက် ကျန်ရစ်သူ ငွေလုံးငွေရင်းအကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့က မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်း သိကောင်းစရာ မကျန်းမာမှုအတွက် ဆေးကုသမှု ခံယူခွင့်နှင့်ငွေကြေး အကျိုးခံစားခွင့်၊ကိုယ်ဝန်ဆောင်မှု မီးဖွားမှုအတွက် ဆေးကုသမှု ငွေကြေးအကျိုးခံစားခွင့်နှင့် မီးဖွားစရိတ်၊ အာမခံအလုပ်သမားသေဆုံးမှုအတွက် နာရေးစရိတ် ခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် ယာယီမသန်စွမ်းမှု၊ အမြဲတမ်းမသန်စွမ်းမှုနှင့် ကျန်ရစ်သူ ငွေလုံးငွေရင်း အကျိုးခံစားခွင့် စသည် အာမခံအလုပ်သမားများ ခံစားရမည့် အကျိုးခံစားခွင့်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးတာဝန်ခံအရာရှိနှင့် မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးမှ ဦးစီးအရာရှိ ဦးထက်လွင်တို့က သာစည်မြို့နယ် မြန်မာ့မီးရထားဌာနမှ အာမခံအလုပ်သမား ဦးမိုးဝင်းအောင်၏ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူ ငွေလုံးငွေရင်းအကျိုးခံစားခွင့် ငွေကျပ် ၇၂၀၀၀၀၀ ကို တာဝန်ရှိသူများနှင့် မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံး ဝန်ထမ်းများရှေ့တွင် သေဆုံးသူ၏ဇနီး ဒေါ်မူမူသန်းထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)