ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “ယုံကြည်မှုဖြင့် အောင်မြင်ခြင်း” စာအုပ်စာဖတ်ဝိုင်း ကျင်းပ

ကျောက်ဆည် ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ (၂)နာရီက လူထုအခြေပြုဗဟိုဌာနတွင် ရနံ့သိုက်ရေးသားသည့် “ယုံကြည်မှုဖြင့် အောင်မြင်ခြင်း” စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဖတ်ရှုလေ့လာရာတွင် ရရှိမည့် အကျိုးကျေးဇူးများ၊ ဗလငါးတန်ပြည့်စုံရေး သုတ၊ရသ စာအုပ်စာစောင်များကို ဖတ်ရှုစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအတွင်းရေးမှူး ဒေါ်ခင်ချို (သီတဂူ-ကျောက်ဆည်)က ရနံ့သိုက် ရေးသားသည့် “ယုံကြည်မှုဖြင့် အောင်မြင်ခြင်း” စာအုပ်မှ သင့်ပန်းတိုင်ကို သင်ရွေးချယ်ပါ၊ စာဖတ်ခြင်းဖြင့်ဘဝကိုမြှင့်တင်ပါ၊ အောင်မြင်ချင်လျှင် လေ့ကျင့်ရမည်၊ ယုံကြည်မှုဖြင့် အောင်မြင်ခြင်း၊ဇွဲကြီးစွာလုပ်ဆောင်ပါ စသည့်အကြောင်းအရာများ ဆွေးနွေးခဲ့ပြီး ကျောင်းသား ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အရွယ်မရောက်သေးသော ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး၊ ကလးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)