မိုင်းယောင်းမြို့၌ ရုံးအဆင့်ဆင့်ရှိဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပ

မိုင်းယောင်း ဇွန် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗလမင်းထင်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းသားသမီးများ၊ ရုံးအဆင့်ဆင့်ရှိ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်သည်။

ထို့နောက် အခမ်းအနားကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူမိဘများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ဇနီး၊ မိုင်းယောင်းမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုး၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရာဇီ(ပြန်/ဆက်)