မလှိုင် ၊ ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်အဆင့်တာဝန်ရှိသူများ လိုက်ပါလျှက် ယမန်နေ့ ညနေ ၄ နာရီ ၁၅ မိနစ် အချိန်က မလှိုင်မြို့နယ် ၊ ကျွဲခြံ ကျေးရွာအုပ်စု၊ ကြာအိုင်ကြာပွား ကျေးရွာအခြေခံပညာ မူလတန်းကျောင်း၊ ကျောင်းဆောင်သစ် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲနှင့် လျှပ်စစ်မီး ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက် ၍ ဖွင့်လှစ်ပေးခဲ့ ကြောင်းသိရသည် ။
ရှေးဦးစွာ မင်္ဂလာအချိန်တွင် အလှူရှင်ကျောင်းဆောင်သစ်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင်၊ တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်များဖြစ်ကြသော ဦးချစ်မင်းသိန်းနှင့် ဒေါ်သီတာငြိမ်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် ကျောင်းဆောင်သစ်လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနာကို ကျင်းပရာ တိုင်းဒေသကြီးခေတ္တ ဝန်ကြီးချုပ်ဦးဇာနည်အောင်က အဖွင့်အမှာစကားပြောကြားပြီး အလှူရှင်မိသားစုတို့က ကျောင်း ဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ပေးအပ်ရာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစောလွင် က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းအုပ် ဆရာမကြီးက ကျောင်းဆောင်သစ် ပေးအပ်ပွဲ အထိမ်း အမှတ်အလံကို တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့သည် ။ ယနေ့ ဖွင့်လှစ်ခဲ့သော ကျောင်းဆောင်သစ် ကို ရန်ကုန်မြို့နေ ဦးစိန်လှိုင် + ဒေါ်လှလှ (သား) ဦးကျော်လှိုင်+ ဒေါ်အေးအေးဝင်း မိသားစုတို့က ဆောက် လုပ်လှူဒါန်းခဲ့ ခြင်းဖြစ်ပြီး အလျား( ၆ဝ )ပေ ၊ အနံ(၃၀) ပေ ရှိ သွပ်မိုး အုတ်ကာ တစ်ထပ် ကျောင်းဆောင် ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြာအိုင်ကြာပွားကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ရွာလယ်ရှိ 200 KVA ထရန်စဖော်မာ ရှေ့တွင် ခေတ္တဝန်ကြီးချုပ်က စက်ခလုတ်နှိပ်၍ မီးဖွင့်ပေးခဲ့သည်။ အဆိုပါကျေးရွာလျှပ်စစ်မီးရရှိရေး အတွက် 11 ကြိုး(၁) မိုင်ဇယားနှင့် 200 KVA ထရန်စဖော်မာ တစ်လုံး တပ်ဆင်ပေးခဲ့ပြီး ကျေးရွာတွင် လျှပ်စစ်မီး သုံးစွဲနေသူ (၁၆၁) ဦးထိ ရှိပြီ ဖြစ် ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)