အ.ထ.က-ခွဲ(မိုင်းကိုင်)၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့်တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

မိုင်းကိုင် ဇွန် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း-ခွဲ (မိုင်းကိုင်) ၌ ကျင်းပပြုလုပ်ခဲ့ရာ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲအခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း၊ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထက်၊ နယ်မြေခံတပ်မှ ဗိုလ်ကြီးအောင်ကျော်စော၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးတို့က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်၊ မူးယစ်ဆေးဝါး ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးနှင့် ကျန်းမာရေးအကြောင်း အရာများ၊ ရင်နင့်ဖွယ်ရာ ကိုယ်တွေ့အကြောင်းအရာ၊ လူငယ်နှင့်မူးယစ်ဆေး စသည့်ခေါင်းစဉ်များဖြင့် အသီးသီး အသိပညာပေးဟောပြောခဲ့ကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် နယ်မြေခံတပ်မှ တာဝန်ရှိသူများက  ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာ စောင်များ ပေးအပ်လှူဒါန်းခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)