နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး  တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြား၊ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းများ ပြန်လည်ပြုပြင်နေမှု ကွင်းဆင်းကြည့်ရှု

ပျဉ်းမနား ဇွန် ၁၁

နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးခင်မောင်လတ်တို့သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ လိုက်ပါလျက် ဒက္ခိဏသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ရန်‌အောင်မြင်)နှင့် အမှတ်-၁၈ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုနှင့် ကျောင်းအိပ်၊ ကျောင်းစားထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက စခန်းသွင်းလေ့ကျင့်သင်ကြားနေသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊‌ ကျောင်းသူများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အဆင်ပြေစေရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ အထူးဂရုပြုဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကျောင်းပြန်ဖွင့်ချိန်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအား နေရာထိုင်ခင်းချထားမှုအား စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်၊ သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက် သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ာ်ကြည်ညိုပြီး ဆန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများသည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရာဇဌာနီလမ်းမကြီး ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ်  ပျက်စီးခဲ့သည့် လိုမ်းပိုင်းများအား  သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြုပြင်ဆောင်ရွက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲအောင် ပြုပြင်ဆောင်ရွက်ရေး၊ စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေးအတွက် တာဝန်ရှိသူများမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ရေး၊ လမ်းခင်းရာတွင် ကျောက်များအသုံးပြုရာ၌ သတ်မှတ်နည်းပညာနှင့်အညီ စနစ်တကျဆောင်ရွက်ရေး လုပ်ငန်းခွင်အတွင်း တာဝန်ရှိသူများမှ အချိန်ပြည့် ကြပ်မတ်ဆောင်ရွက်ရေးနှင့် လုပ်ငန်းများ အပိုင်းလိုက် အမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပြီး အဆိုပါလမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)