၁၀၈ တောင်စေတီတော်တွင် နယုန်လပြည့် မဟာသမယအခါတော်နေ့ကျင်းပ

သာကေတ ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ကျက်သရေဆောင် ၁၀၈ တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ဇွန် ၁၀ ရက် နံနက်ပိုင်းက မဟာသမယအခါတော်နေ့ကို အဆိုပါစေတီတော်ရင်ပြင်ရှိ ပုဖ္ဗါရုံတန်ဆောင်း၌ ကျင်းပသည်။ နံနက် ၅ နာရီတွင် စေတီတော်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးဆွမ်းများ ကပ်လှူပူဇော်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်များကို အရုဏ်ဆွမ်းနှင့် ဒါတပ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်ခဲ့သည်။ ယင်းနောက် နံနက် ၇ နာရီတွင် မဟာသမယနေ့တရားတော်ကို ဟောကြားတော်မူသည်။

ဆက်လက်၍ ဝတ်အသင်းအဖွဲ့ငါးဖွဲ့က မဟာသမယသုတ်ကို အလှည့်ကျရွတ်ဖတ်ပူဇော်သည်။ ထို့နောက် နံနက် ၉ နာရီတွင် ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် စေတီတော်ပရိဝုဏ်အတွင်းရှိ ခေါင်းလောင်းတော်များ၊ ကြေးမောင်းများကို တစ်ပြိုင်နက်တည်းတီးခတ်ခဲ့ကြသည်။

နယုန်လပြည့်နေ့သည် ကပ္ပိလဝတ်ပြည်နှင့် ကောလိယပြည်တို့ ရေလုတိုက်​ပွဲတိုက်ခိုက်ကြသော နှစ်ပြည်ထောင်သားတို့ ဘေးရန်မှကင်းဝေးသည့်နေ့​၊ ယင်းနှစ်ပြည်ထောင် ငြိမ်းချမ်းရေးရရှိသည့်နေ့၊ ရဟန်း (၅၀၀) လုံး ရဟန္တာဖြစ်တော်မူသော့နေ့၊ နတ်၊ ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊ နဂါး၊ ရဟန်းအပေါင်းတို့ စုမိသောနေ့၊ မဟာသမယကို အကြောင်းပြု၍ ဂဠုန်နဂါးမေတ္တာသက်ဝင်သောနေ့၊ မဟာသမယဆိုင်ရာ သုတ္တန်များကို ဟောကြားတော်မူသောနေ့ဖြစ်ခြင်းတို့ကြောင့် ဗုဒ္ဓသာသနာတော်သမိုင်းတွင် အထင်ကရနေ့တစ်နေ့လည်း ဖြစ်သည်။

သဲထက်ဇင် (ပြန်/ဆက်)