ဥတ္တရသီရိ ဇွန် ၁၀
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယနေ့နံနက်ပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စု ဇလောင်းတောင်ကျေးရွာရှိ ရာဇဓာနီသာမဏေကျော်ကျောင်းတိုက်၌ ကျင်းပသည့် ပါဠိပထမပြန်စာအောင်ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင် သာသနာရေးမှူး ဦးနိုင်လင်း၊ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဇလောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီးနောက် ဆရာတော်၊ သံဃာတော်များအား ဩကာသကန်တော့ချိုးဖြင့် ကန်တော့ခြင်း၊ ဥတ္တရသီရိမြို့နယ် သြဝါဒါစရိယမဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဒုမထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်၊ သံဃာတော်များရွတ်ပွားသည့် ပရိတ်တရားတော်များအား နာယူခဲ့ကြရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ယင်းနောက် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ဆရာတော်များနှင့် စာအောင်သံယာတော်များအား နဝကမ္မအလှူငွေများဆက်ကပ်ခြင်း၊ စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသန စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန် စာအောင်ဆုနှင်းသဘင်အခမ်းအနားတွင် စာအောင်သံဃာ (၁၅၉)ပါးရှိကြောင်း သိရသည်။
သန်းသန်းနွယ်(ပြန်/ဆက်)