မိတ္ထီလာ ဇွန် ၁ဝ
မန္တလေးငလျင်ကြီးဒဏ်ကြောင့် မြေခခဲ့သော မိတ္ထီလာမြို့ သမိုင်းဝင်မဟာဓမ္မရာဇိကရွှေမြင်တင်စေတီတော်၏ စိန်ဖူးတော်မြတ်အစား ရတနာစိန်ဖူးတော်အသစ် တင်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဦးစွာ ဥယျဉ်ပါဠိတက္ကသိုလ်ကျောင်းတိုက်ဦးစီးပဓနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာ ပဏ္ဍိတဘဒန္တသူရိယထံမှ ကိုးပါးသီလကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ရတနာစိန်ဖူးတော်အလှူရှင်မိသားစု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးဦးမျိုး ထက်ဇော်နှင့် မိသားစုဝင်များနှင့် တက်ရောက်လာကြသူများက ခံယူဆောက်တည်ကြသည်။
ထိုနောက် ပင့်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ သိမ်တောင်မိကာယာဓိပတိ၊ ပြက္ခရွေတောင်သာသနာပြု၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒန္တလာဘာဝတထံသို့ ရတနာစိန်ဖူးတော်သစ်အားလည်းကောင်း၊ ပင့်သံဃာတော်များထံသို့ လှူဖွယ်ဝတ္ထုများကိုလည်းကောင်း တာဝန်ရှိသူများနှင့် အလှူရှင်မိသားစုဝင်များက ကပ်လှူကြသည်။ ထိုနောက် အိုင့်အနောက်ကျောင်းတိုက် ဦးစီးပဓာနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်၊ မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဩဘာသထံမှ ရေစက်ချတရားတော်များကို နာယူကြသည်။
ဆက်လက်၍ သမိုင်းဝင်မဟာဓမ္မရာဇိကရွှေမြင်တင်စေတီတော်မြတ်အား ရတနာစိန်ဖူးတော်အသစ်တင်လှူပူဇော်ကြပြီး ပင့်သံဃာတော်များက ဗုဒ္ဓဘိသေအနေကဇာတင်မင်္ဂလာပြုတော်မူကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ပူဇော်ရွတ်ဆို၍ ရုပ်သိမ်းသည်။ ထိုနောက်ပင့်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို တာဝန်ရှိသူများနှင့် အလှူရှင်မိသားစုဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ