ရေးမြို့နယ်၌ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များ ဂုဏ်ပြုပူဇော်သော စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ရေး ဇွန် ၁၀

နိုင်ငံတော်မှ ချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် ၂၀၂၄ ခုနှစ်၊ စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်သော စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာ၊ ကျိူက်ဒေတမော့ဗရတ်ကျောင်းတိုက်၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပေးကာ ကျိူက်ဒေတမော့ဗရတ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေးမြို့‌နယ်၊ မရမ်းကျောင်းတိုက်မှ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဒေါက်တာ အရှင်ပညာဇောတကဩဝါဒကထာချီးမြှင့်ပေးသည်။

ဆက်လက်၍ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်မျိုးထိုက်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ပြည်ပနိုင်ငံမှ ဒေါက်တာဘွဲ့ရရှိသော ရေးမြို့‌နယ်၊ မရမ်းကျောင်းတိုက်မှ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ ဒေါက်တာ အရှင်ပညာဇောတနှင့် ၂၀၂၅ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဆပ်ကပ်လှူဒါန်းသော ဘာသာသာသနာထူးချွန်မှု ဂုဏ်ထူးဆောင်ဆုဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး ငါးပါးတို့အား စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်မျိုးထိုက်၊ ရေးမြို့နယ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီး ကောင်းဇော်မြင့်၊ ရေးခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းနှင့် ရေးခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရည်သန့်တို့က ဘွဲ့တံတဆိပ်တော်များနှင့် နဝကမ္မဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းပေးသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊သာသနာဓဇဓမ္မာစရိယဘွဲ့ရဆရာတော် လေး ပါး၊ ဓမ္မာစရိယ (၂)ကျမ်းအောင် ငါးပါး၊ ဓမ္မာစရိယ(၁)ကျမ်းအောင် လေးပါး၊ ပထမကြီးတန်းအောင် ၂၅ ပါး၊ ပထမလတ်တန်းအောင် ၃၄ ပါး၊ ပထမငယ်တန်းအောင် ၈၈ ပါး၊ အခြေပြုမူလတန်းအောင် ၁၅၉ ပါးတို့အား (ခေတ္တ) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အောင်လက်မှတ်၊ အောင်ဆုနှင့် နဝကမ္မဝတ္ထုငွေဆက်ကပ်လှူဒါန်းပေးပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ရှင်းသန့်ဖြူ