ရန်ကုန် ဇွန် ၁၀
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းမှ စတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင်အဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများက ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား စေတီတော်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များက အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)ရေစက်ချပွဲအခမ်းအနားကို စေတီတော်ရင်ပြင်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ သ•စ•အဓမ္မာစရိယပါဠိပါရဂူ၊ တိပိဋကဓရတိပိဋကကော၀ိဒရွေးချယ်ရေးအဖွဲ့ သြ၀ါဒါစရိယမဟာ၀ိသုဒ္ဓါရုံကျောင်းတိုက်မှ ဘဒ္ဒန္တသိရိန္ဒာဘိ၀ံသ(ယောဆရာတော်)ထံမှ ဧည့်ပရိသတ်များက နဝင်္ဂသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ နယုန်လပြည့်(မဟာသမယအခါတော်နေ့)အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဒေါက်တာနေဝင်းက ဇယမင်္ဂလာအနုမောဒနာစာတမ်းလွှာကို လျှောက်ထားသည်။
ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား ဂေါပကအဖွဲ့၀င်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ သာသနဓဇဓမ္မာစရိယအဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဗဟိုဥက္ကဋ္ဌ၊ စမ်းချောင်းမြို့နယ် နေနတ်သားပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက၊ ဘဒ္ဒန္တသုစိတ္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကာ ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက် စေတီတော်ရင်ပြင်ချမ်းသာကြီးတန်ဆောင်းစုရပ်မှ စတင်၍ နယုန်လပြည့်မဟာသမယအခါတော်နေ့ လှည်လည်ပူဇော်ပွဲအခမ်းအနားကို ကျင်းပရာ မဟာသမယအခါတော်နေ့ ဖြစ်ပေါ်လာပုံအားဖော်ကျူးသည့်အားဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက ကပိလဝတ်နှင့် ကောလိယနှစ်ပြည်ထောင်ကိုယ်စားပြု မင်း၊ မူးမတ်၊ အဆောင်အယောင်များဖြင့် ရာဇာ၀င်းခင်းကာဂေါပကအဖွဲ့၀င်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်များအဖွဲ့နှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ဘုရားဖူးပြည်သူများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ကြပြီး ချမ်းသာကြီးတန်ဆောင်းတွင် စိန်ရောင်ခြည်ဘုရားပင့်ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများကိုဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိ ခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ မဟာသမယသုတ်ပါဠိတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း,အမျှဝေ,သာဓုခေါ်ဆိုခြင်း၊ နတ်ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခြင်းတို့ ပြုလုပ်ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)