မြစ်ကြီးနား ဇွန် ၁၀
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အခွန်ဘဏ္ဍာငွေတိုးတက်ကောက်ခံရရှိရေးနှင့် အခွန်ထမ်းများ အခွန်ဆိုင်ရာတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် အခွန်ထမ်းပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအား အခွန်ပညာပေးရှင်းလင်း ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ စုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပ ပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွာရေးရာဝန်ကြီး ဦးမျိုးဆွေတက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက အခွန်ကောက်ခံရခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုအပ်သည့်အသုံးစရိတ်များ ရရှိစေရန်အတွက် ဖြစ်ပါကြောင်း၊ အခွန်စနစ်သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသည်တို့အပေါ်အခြေခံ၍ ရေးဆွဲချမှတ်ထားခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အခွန်ငွေများရရှိရန် ဆောင်ရွက် သည့်နေရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနတစ်ခုတည်းအနေဖြင့် ဆောင်ရွက်လို့မရသည့်အတွက် အခွန်ထမ်းပြည်သူ လုပ်ငန်းရှင်များမှလည်း ပူးပေါင်းပါဝင်ပြီး ကူညီဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ထို့ပြင် ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးရန်၊ လုပ်ငန်းရှင်များကလည်း ဥပဒေနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ပေးကြရန်၊ သက်ဆိုင်ရာအခွန်ဦးစီးဌာနရုံးများကလည်း အခွန်ပညာပေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ကြရန်၊ ကောက်ခံရမည့် အခွန်အရပ်ရပ် ပြည့်မှီကျော်လွန်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် အခွန်ကောက်ခံရာမှာလည်း အဂတိတရားကင်းရှင်းစွာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ကချင်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းနိုင်ဦးက အခွန်အကြောင်းသိကောင်းစရာများ၊ အခွန်ကောက်ခံရခြင်း၏ ရည်ရွယ်ချက်များ၊ အခွန်အမျိုးအစားများ၊ ဝင်ငွေခွန်နှုန်းထားများနှင့် အခွန်ထမ်းတစ်ဦးချင်း၏ တာဝန်များအား ပါဝါပွိုင့်ပရိုဂျက်တာဖြင့် အသိပညာပေးရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)