သထုံမြို့နယ်၌ KBT ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

သထုံ ဇွန် ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ KBT ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်က မြေနီကုန်းကျေးရွာရှိ တောင်သူတစ်ဦး၏ လယ်ယာမြေ၌ ပြုလုပ်ခဲ့ကြသည်။

ကွင်းသရုပ် ပြသခြင်းကို မြေနီကုန်းကျေးရွာ ကွင်းအမှတ်(၆၄၆) ဦးပိုင်အမှတ် ၆/၁ တောင်သူ ဦးသာဆန်း၏ ပေါ်ဆန်းရင်စပါးစိုက်ခင်း၌ ပြုလုပ်ရာ သထုံခရိုင်စက်မှုလယ်ယာဦးစီးဌာနမှုး ဦးအောင်ခန့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းတင်နွယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးရဲမြင့်၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနမှုး ဦးမျိုးလွင်နှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကာ ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာ၌ ရရှိမည့် အကျိုးကျေးဇူးများ၊ လိုအပ်သည့် နည်းပညာပံ့ပိုးပေးနိုင်မှုများကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါကွင်းသရုပ်ပြသရာသို့ သထုံမြို့နယ်အတွင်းရှိ မြေနီကုန်း၊ တောစွန်း၊ ဆင်ဖြူကျွန်းကျေးရွာတို့မှ မိုးစပါးစိုက်တောင်သူ ၃၀ ကျော်တက်ရောက်ခဲ့ကြပြီး သိလိုသည်တို့ကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)