ပြင်ဦးလွင် ဇွန် ၁၀
လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကို ယနေ့နံနက်(၁၀)နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ညောင်နီကျေးရွာ အ.လ.က(ခွဲ)တွင် ကျင်းပရာ ရှေးဦးစွာ ညောင်နီကျေးရွာ အ.လ.က(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာအေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြင်ဦးလွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်ကြူကြူက “စာဖတ်ခြင်း၏ အကျိုးကျေးဇူး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်နှင်းသီတာက ကျန်းမာရေးအသိပညာဗဟုသုတများ၊ မြန်မာစာပေယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက “ကျောင်းဖွင့်ရာသီ ပျော်ကြမည်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့သည်။ထို့နောက် ဟောပြောဆွေးနွေး ချက်များကို ကျောင်းသား/ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ ကျောင်းသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ မေးမြန်းဆွေးနွေးချက်များအား ပြန်လည်ဖြေကြားပေးခဲ့သော ကျောင်းသား/ကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်ခဲ့ပြီးနောက် စာရေးဆရာကိုရွှေအောင်သင်းက ညောင်နီကျေးရွာ အ.လ.က(ခွဲ)ကျောင်းအား စာအုပ်/စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား/ကျောင်းသူများအား အသိအလိမ္မာရဖွယ် သုတ၊ ရသပုံပြင်များ ဖတ်ကြားပြခြင်း၊ နံရံကပ် စာစောင်များ၊ သုတ၊ ရသစာစောင်များ ခင်းကျင်းပြသပေးသည်။ အဆိုပါအသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၂၅၀)ဦး တက်ရောက်ခဲ့သည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)