မန္တလေး ဒီဇင်ဘာ ၁၃
ဈေးကွက်ထဲတွင် ထောပတ်သီးများကို အလုံးလိုက်ရောင်းချရာမှ အလေးချိန်ဖြင့် ရောင်းချသည့် ပုံစံသို့စပြီး ပြောင်းလဲလာကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းမှ သိရသည်။
" ထောပတ်သီးဆိုရင်ဈေးကွက်မှာ ပြောင်းလာတဲ့ပုံစံက အလုံးနဲ့ ရောင်းတာထက် အလေးချိန်နဲ့ ရောင်းတဲ့ပုံစံကို စပြောင်းလာတယ်။ နောက်ပြီး အသီးရောင်းတာထက်ကို ထောပတ်သီးမှာလည်း မျိုးကွဲတွေက အများကြီးဆိုတော့ စားသုံးသူနှစ်သက်နိုင်တဲ့ အရည်သွေးရှိတဲ့ မျိုးတွေ ရှိသလို စားသုံးသူ လုံးဝမကြိုက်နိုင်တဲ့ မျိုးတွေလည်းရှိတယ်။ တချို့အသီးကြီးမယ်၊ အစေ့ကြီးမယ်၊ အထဲကအသားပွစိစိနဲ့ အမျှင် လည်းများတယ်၊ တချို့အရသာစားကောင်းတယ်၊ အမျှင်များတယ်၊ တချို့အသီးဆိုရင် အမျှင်မပါဘူး၊ စားမကောင်းဘူး၊ ရေဓာတ်များတယ်၊ ပွစိစိနဲ့၊ အဲဒီလိုမျိုးတွေ များတဲ့အတွက် စားသုံးသူဈေးကွက်ရော ရောင်းချတဲ့သူဈေး ကွက်မှာပါ ဒေသသီးထဲမှာပဲ အစေ့ကအသင့်တင့်ရှိမယ်၊ အရသာ လည်းကောင်းမယ်၊ အမျှင်လည်း မပါဘူး၊ အဲဒါမျိုးအသီးတွေကတော့ အနည်းဆုံးဈေးကွက်ကို ကီလိုချိန်နဲ့ သွားပြီးရောင်းနေကြတာရှိ တယ် " ဟု မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွှန့်က ပြောသည်။
စားသုံးသူကိုကျေနပ်မှုပေးနိုင်သည့် ဒေသမျိုးကောင်းအသီးများမှာ တစ်ကီလိုလျှင် ငွေကျပ်သုံး ထောင်ကျော်ဈေးရှိပြီးရန်ကုန်မြို့တွင် အချို့မှာ ငွေကျပ် လေးထောင်နှင့် ငါးထောင်ကျပ်အတွင်းဈေးနှုန်း ဖြင့်ရောင်းချမှုများရှိသည်ဟုဆိုသည်။
"အသီးရဲ့ အာမခံချက်တော့ ပေးရတယ်။ အသီးက မြေကြီးပေါ်ပုတ်ချထားတဲ့ အသီးမဟုတ်ဘူး။ တစ်လုံးချင်း ခူးစွတ်ထားတဲ့အသီးဖြစ်ရမယ်။ အရည်အသွေးပိုင်း အာမခံချက်ရှိရမယ်။ အနာဆာ ကင်းရမယ်။ ထောပတ်သီးဈေးကွက်အလားလာက အင်မတန်ကောင်းပါတယ်။ တကယ် လည်း ရင်းနှီးမြှုပ်နှံသင့်တဲ့ သီးနှံဖြစ်တယ်။ အရင်တုန်းက ထောပတ်သီးကို Snapအနေနဲ့စားတယ်။ နောက်ပိုင်းကျ Healthy Foodအနေနဲ့ စားတယ်။ နောက်ပိုင်း အာဟာရအနေနဲ့ပါ စားလာတယ်။ " ဟု ဆက်ပြောသည်။
ထောပတ်သီးသည် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိပြီး ထောပတ်သီး အသားကို စားသုံးရုံသာမက ထောပတ်သီးအဆီကို အဆင့်မြင့် ထုတ်လျှင် ဟင်းချက်ဆီအဖြစ် သုံးရကြောင်း၊ ထောပတ်သီးကို နှုတ်ခမ်းနီ၊ Cosmetic ပစ္စည်းများ၊ Body Lotion၊ ခေါင်းလိမ်းဆီ၊ Skin Care ပစ္စည်းများ စသည့် ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုကြကြောင်း သိရသည်။
ထိပ်ထားနိုင်