ဟိုပုံး ဇွန် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သိင်္ဂီအောင်က မိမိတို့ဒေသအတွင်းရှိ ကလေးသူငယ်များ၏ အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုဖော်ဆောင်သွားနိုင်ရေး၊ ကလေးသူငယ်များအနေဖြင့် ၎င်းတို့ ရရှိမည့် အခွင့်အရေးများရရှိစေရန်နှင့် အကြမ်းဖက်ခံရခြင်း၊ လစ်လျူရှုခံရခြင်း၊ လွဲမှားစွာ ပြုကျင့်ခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းနှင့် လူကုန်ကူးခံရခြင်းတို့မှ ကာကွယ်ပေးနိုင်ရေးအတွက် ကလေးသူငယ်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ထပ်ဆင့်အသိပညာပေးဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၃ ဒေါ်နန်းဆွိတို့က ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေကခွင့်ပြုထားသော အသက်အရွယ် ထက်ငယ်ရွယ်ခြင်း၊ ဥပဒေပါ ကလေးအလုပ်သမားဆိုင်ရာ အသက်အရွယ်ကန့်သတ်ချက်များ၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ အဓိပ္ပါယ်ဖော်ပြချက်များ၊ ကလေးအလုပ်သမားဖြစ်ပေါ်စေသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန် အချက်များစသည်တိုကို အသိပညာပေးဟောပြောခဲ့သည်။ ထိုနောက် မြိုနယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးသူငယ်များ၏ ရပိုင်ခွင့်၊ ကလေးသူငယ်များကို အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေပါက ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များကို အကျယ်တဝင့်ဟောပြောဆွေးနွေးသည်။
အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မြို့နယ်လူမှုထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဟိုပုံးမြို့နယ်အတွင်းရှိ မူကြိုကျောင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)