ချောင်းဆုံမြို့နယ်၌ (၃၈) ဖြာ မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်းအထောက်အကူပြု ကလေးအထူးတရားပွဲများ ကျင်းပ

ချောင်းဆုံ ဇွန် ၁၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသားလူငယ်များ ပညာရေးထူးချွန်ပြီး လိမ္မာယဉ်ကျေးသော လူကောင်းလူတော်များ ပေါ်ပေါက်လာစေရန်အတွက် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ ဟိတဓရဖောင်ဒေးရှင်းနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား (၃၈) ဖြာ မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်း အထောက်အကူပြုကလေးအထူးတရားပွဲကို ယမန်နေ့က ချောင်းဆုံမြို့နယ်(အ.ထ.က) ကမာကေး၊ (အ.ထ.က-ခွဲ) ကွမ်လှာ၊ (အ.ထ.က-ခွဲ) ခရိုက်ဒူးကျောင်းတို့တွင် ကျင်းပသည်။

ဦးစွာ အခမ်းအနားကို တက်ရောက်လာသူများမှ နမောတဿ (၃) ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီးနောက် မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၊ (ပ)သုံးလုံး သနာပြုဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ထံမှ တရားဒေသနာတော်ခံယူနာကြားခြင်း၊ ဆရာတော်အား ဓမ္မပူဇာဆက်ကပ်လှူဒါန်းခြင်း ၊ YMBA အဖွဲ့အား အလှူတော်ငွေလှူဒါန်းခြင်းနှင့် ဆရာတော်မှ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

အဆိုပါ (၃၈)ဖြာ မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်းအထောက်အကူပြု ကလေးအထူးတရားပွဲကို ချောင်းဆုံမြို့နယ်တွင် ဇွန်လ (၉)ရက်နေ့ မှ ဇွန်လ (၁၇) ရက်နေ့အထိ အခြေခံပညာကျောင်းအထက်တန်းနှင့် အလယ်တန်းကျောင်း (၂၃) ကျောင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်