ကျိုင်းတုံမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများဆင်းပွဲ ကျင်းပ

ကျိုင်းတုံ ဇွန် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မဲခေါင်-လန်ချန်း ပူး‌ပေါင်းဆောင်ရွက်မှုဖြင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများဆင်းပွဲကို ယနေ့တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(ကျိုင်းတုံ)တွင် ကျင်းပသည်။

ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်-၃ ဦးလုကာက သင်တန်းဆင်းအမှာစကားပြောကြားပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်ကျော်ဇင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးသည်။

ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်-၃ ဦးလုကာ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြား‌ရေးမှူး ဦးလင်းထွဋ်ဦး၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)နာယက ဦးစိုးရွှေနှင့် တာဝန်ရှိသူများက သင်တန်းတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ဆုများနှင့် Front Office Service Course၊ Food & Beverages Service Course နှင့် House Keeping Operation Course သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၆၂ ဦးတက်‌ရောက်ပြီး မေ ၂၈ ရက်မှ ဇွန် ၁၀ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)