ဟိုပုံး ဇွန် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်မိသားစုဝင်ငွေတိုးရေးစီးမံကိန်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်ချုပ်နည်းပညာသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ထိုသို့ဖွင့်လှစ်သင်ကြားပေးရာတွင် အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာစေရန်၊ ကျွမ်းကျင်သော စက်ချုပ်ပညာရှင်များ ပေါ်ထွန်းလာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်ပေါ်စေရန်နှင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်ချုပ်သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ၎င်းသင်တန်းတွင် အပ်ချုပ်စက်တွင် ပါဝင်သော ကိရိယာအစိတ်အပိုင်းများအကြောင်း၊ အပ်ချုပ်စက်ကိုင်တွယ်အသုံးပြုနည်းနှင့် ထိန်းသိမ်းနည်းများ၊ အပ်ချုပ်စက်နင်းလေ့ကျင့်ခြင်း၊ အခြေခံချုပ်ရိုးများ လေ့ကျင့်ခြင်း၊ အမျိုးသမီးဝတ် ရင်စေ့ရင်ဖုံး ရင်ဖြတ်ဆက်အင်္ကျီ၊ အမျိုးသားဝတ်အင်္ကျီ ကလေးဝတ်ဂါဝန်၊ ဘောင်းဘီများ၊ စကတ်အမျိုးမျိုးနှင့် ပွဲတက်မြန်မာဝတ်စုံ၊ ဂါဝန်များကို ဇွန်လ (၅) ရက်နေ့မှ ဇူလိုင်လ (၅) ရက်နေ့အထိ စာတွေ့/လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)